Jun 25, 2022
အလုပ်ခွင်တစ်ခုမှာ ခေါင်းဆောင်ကောင်းတစ်ယောက်ဖြစ်ဖို့ဆိုတာ Gender ခွဲခြားမှုတွေကြောင့်ဆိုပြီး ရပ်တန့်နေစရာမလိုပါဘူး။ အရင်တုန်းကအလုပ်ခွင်မှာ ကျား/မ ကိုဗဟိုပြုပြီး ခေါင်းဆောင်တာဝန်တွေကို ခွဲခြားခန့်အပ်ကြပါတယ်။ အမျိုးသမီးတွေဟာ အားနွဲ့တယ်၊ စိတ်ပျော့တယ်၊ မပြတ်သားတဲ့ဆုံးဖြတ်ချက်တွေကိုချကြတယ်ဆိုတဲ့ အကြောင်းပြချက်များစွာနဲ့ပေါ့။ ခုချိန်မှာတော့ အမျိုးသမီးတွေမှာ အားသာချက်တွေအများကြီးနဲ့ ခေါင်းဆောင်တာဝန်ကို ပိုမိုတာဝန်ယူနိုင်စွမ်းတွေမြင့်မားလာပါပြီ။ ဒါကြောင့် အောင်မြင်တဲ့ခေါင်းဆောင်ကောင်းအမျိုးသမီးမန်နေဂျာရဲ့ နည်းလမ်း ၆ ခုအကြောင်းကို ပြောပြချင်ပါတယ်။
၁။ သတ်မှတ်ချက်ထက်ကျော်လွန်ပြီး စွမ်းဆောင်ပါ။
ကုမ္ပဏီကချမှတ်လိုက်တဲ့ Target တွေထက်ကျော်လွန်အောင်စွမ်းဆောင်နိုင်တာလည်း အမျိုးသမီးခေါင်းဆောင်တွေမှာ ရှိသင့်တဲ့အရည်အချင်းတစ်ခုပါပဲ။ ကိုယ်ဟာ အရောင်းပိုင်းကိုဦးဆောင်နေရတဲ့အမျိုးသမီးတစ်ယောက်ဖြစ်ခဲ့ရင် လစဉ်ချမှတ်လိုက်တဲ့ အရောင်း target ကိုပြည့်ဝတာထက်ကျော်လွန်အောင် ကိုယ့်လက်အောက်ငယ်သားတွေနဲ့အတူ စွမ်းဆောင်နိုင်ပါတယ်။ တော်တဲ့ဝန်ထမ်းတွေ၊ အရည်အချင်းပြည့်ဝတဲ့ငယ်သားကောင်းတွေမွေးထုတ်ပြီး ရည်မှန်းချက်ကိုပြည့်ဝအောင် အကောင်အထည်ဖော်နိုင်မယ်ဆိုရင် ခေါင်းဆောင်ကောင်းတစ်ဦး မလွဲမသွေဖြစ်လာနိုင်ပါတယ်။
၂။ ကိုယ့်လက်အောက်ဝန်ထမ်းတွေနဲ့ ရင်းနှီးစွာဆက်ဆံပါ။
အမျိုးသမီးခေါင်းဆောင်တွေဟာ အမျိုးသားခေါင်းဆောင်တွေထက် စာနာနားလည်နိုင်စွမ်းရှိကြပါတယ်။ အဖွဲ့အစည်းမှာ ပြဿနာတွေဖြစ်လာတဲ့အခါ လူကြီးတွေရဲ့ နားလည်နိုင်စွမ်းကလိုအပ်ပါတယ်။ ချိုချိုသာသာပြောဆိုဆက်ဆံပြီး ကောင်းမွန်တဲ့ဆက်ဆံရေးကိုတည်ဆောက်ရင်း လက်အောက်ဝန်ထမ်းတွေရဲ့နာခံမှုကို အဆင်မြှင့်တင်ပါ။ ကိုယ့်လက်အောက်ဝန်ထမ်းရဲ့သိသင့်တဲ့ကိုယ်ရေးကိုယ်တာကိုသိအောင်ကြိုးစားပြီး သူတို့လိုအပ်တဲ့အကူအညီတွေပေးနိုင်တဲ့ ခေါင်းဆောင်ကောင်းတစ်ယောက်အဖြစ် အမြဲရှိနေပါစေ။
၃။ အခြားအမျိုးသမီးခေါင်းဆောင်တွေကို လက်တွဲခေါ်ယူပါ။
လုပ်ငန်းခွင်ဆိုတာ ယှဉ်ပြိုင်အနိုင်ယူရမယ့်နေရာတစ်ခုမဟုတ်ပါဘူး။ အဖွဲ့အစည်းစိတ်ဓာတ်နဲ့ အောင်မြင်တဲ့လုပ်ငန်းတစ်ခုဖြစ်အောင် အတူတူစွမ်းဆောင်ကြရတာပါ။ ကိုယ်အမြင့်ကိုတက်လှမ်းဖို့ ဘဝတူအမျိုးသမီးတွေကိုလက်တွဲခေါ်ယူမှသာ ခေါင်းဆောင်ကောင်းတစ်ယောက်ဖြစ်မှာပါ။ ကိုယ့်လက်အောက်ကအမျိုးသမီးဝန်ထမ်းတွေရဲ့ပုခုံကိုနင်းပြီး ကိုယ်တစ်ယောက်တည်းအောင်မြင်မှုရယူဖို့ဆိုတာ လုံးဝမဖြစ်သင့်ပါဘူး။ အရည်အချင်းရှိတဲ့လက်အောက်ဝန်ထမ်းတွေကို လိုအပ်တဲ့ပံ့ပိုးမှုနဲ့အတူ လက်တွဲခေါ်ယူပြီး အောင်မြင်မှုအရသာကိုအတူတူခံစားကြည့်မှသာ ခေါင်းဆောင်ကောင်းတစ်ယောက်ဖြစ်လာမှာပါ။
၄။ ကိုယ့်အရည်အချင်းကို ကိုယ်ကျွမ်းကျင်ရာမှာအသုံးချပါ။
ကိုယ်မကျွမ်းကျင်တဲ့နယ်ပယ်မှာရပ်တည်ဖို့ဆိုတာ လုံးဝမဖြစ်နိုင်ပါဘူး။ ခေါင်းဆောင်ကောင်းဆိုတာ ကိုယ့်မှာရှိတဲ့အရည်အချင်းတွေကိုမွမ်းမံရင်း ရလာတဲ့နေရာတစ်ခုပါ။ ကိုယ့်ရဲ့အားနည်းချက်တွေနဲ့ အချိန်ကုန်နေစရာမလိုအပ်ပါဘူး။ ကိုယ်ဟာစာရင်းအင်းပိုင်းကိုမကျွမ်းကျင်ရင် စာရင်းစစ်ခေါင်းဆောင်တစ်ယောက်ဖြစ်ဖို့ အတင်းကြိုးစားလုပ်ယူစရာမလိုအပ်ပါဘူး။ ကိုယ်ကျွမ်းကျင်တဲ့အလုပ်၊ ကိုယ်စိတ်ဝင်စားတဲ့အလုပ်မှာပဲ ထိပ်ဆုံးရောက်အောင်စွမ်းဆောင်ပေးနိုင်ပါတယ်။
၅။ နွေးထွေးတဲ့လုပ်ငန်းခွင်ကို တည်ဆောက်ပါ။
ပျော်ရွှင်စရာလုပ်ငန်းခွင်ဟာ အောက်စီတိုစင်ဟော်မုန်း (oxytocin) ကို ထုတ်လွှတ်ပေးနိုင်စွမ်းမြင့်မားပါတယ်။ ဒီဟော်မုန်းတွေကြောင့်ပဲ ကိုယ့်ကိုယ်ကိုယ်ပိုပြီးယုံကြည်လာကြတယ်၊ ကရုဏာတရားထားလာကြတယ်၊ လောကကြီးကိုပိုပြီးအကောင်းမြင်လာတယ်၊ စိတ်ရောကိုယ်ပါ ကျန်းမာပျော်ရွှင်လာကြတယ်။ ဒါကြောင့် ချစ်ခြင်းမေတ္တာ၊ ခင်မင်မှုနှောင်ကြိုးနဲ့အတူ လုပ်ငန်းခွင်ကိုပျော်ရွှင်အောင် တည်ဆောက်သင့်ပါတယ်။ ပျော်ရွှင်စရာကောင်းတဲ့လုပ်ငန်းခွင်ကိုတည်ဆောက်ဖို့ ကိုယ့်လက်အောက်ဝန်ထမ်းတွေကို ရင်းနှီးနွေးထွေးစွာဆက်ဆံပြီး အောင်မြင်တဲ့ခေါင်းဆောင်ကောင်းအဖြစ် ဖန်တီးယူလိုက်ပါ။
၆။ လွန်ကဲတဲ့ဆက်ဆံရေးတွေ မတည်ဆောက်ပါနဲ့။
အမျိုးသမီးခေါင်းဆောင်တိုင်းဟာ စကားနဲ့ပြောဆိုရတာကို သဘာဝအရလိုလားကြပါတယ်။ ဒါက အောင်မြင်မှုရဲ့သော့ချက်ပါပဲ။ ထိရောက်စွာပြောဆိုဆက်ဆံနိုင်တဲ့ ခေါင်းဆောင်တစ်ဦးဟာ အလုပ်ခွင်တိုင်းမှာအလိုအပ်ဆုံးပါ။ အကူအညီလိုအပ်တဲ့အခါ ဒါမှမဟုတ် ပြဿနာတွေကိုဖြေရှင်းဖို့ လက်အောက်ဝန်ထမ်းတွေလာရှာတဲ့ ခေါင်းဆောင်ကောင်းတစ်ယောက်ဖြစ်ခြင်းက ဝန်ထမ်းနဲ့လူကြီးကြားမှာ ပိုကောင်းတဲ့ဆက်ဆံရေးကိုတည်ဆောက်ထားလို့ပါ။ ဒါပေမည့် ပုံမှန်ထက်လွန်ကဲတဲ့ဆက်ဆံရေးကိုတော့ စောင့်ထိန်းသင့်ပါတယ်။
အမျိုးသမီးတွေဟာ မျိုးဆက်ပေါင်းစုံကမတူညီတဲ့အမြင်တွေကို ခံစားသိရှိနိုင်တဲ့ မိဘ၊ အိမ်ထောင်ဖက်၊ ကလေး၊ မြေးနှင့် သူငယ်ချင်းဖြစ်ခြင်းလို့ခေါ်တဲ့ ပုံစံအမျိုးမျိုးကို ဟန်ချက်ညီညီထိန်းညှိပြီး တာဝန်များစွာထမ်းဆောင်ကြသူများဖြစ်ကြပါတယ်။ အထူးသဖြင့် ကုန်ပစ္စည်း သို့မဟုတ် ဝန်ဆောင်မှုကို ဈေးကွက်ချဲ့ထွင်သောအခါမှာ အမျိုးသမီးခေါင်းဆောင်တွေရဲ့စွမ်းဆောင်ရည်ဟာ ကြီးမားသောအကူအညီဖြစ်လာပါတယ်။ ဒါကြောင့်ဒီနေ့လိုခေတ်မှာ အမျိုးသမီးမို့ ခေါင်းဆောင်စွမ်းရည်မပြည့်ဝဘူးဆိုတာ မရှိနိုင်တော့ပါဘူး။
ခေါင်းဆောင်ဆိုတာ ရှိသင့်တဲ့အရည်အချင်းတွေပြည့်ဝအောင်ဖြည့်ဆည်းထားလို့သာ ခေါင်းဆောင်ကောင်းဖြစ်လာကြတာပဲမဟုတ်ပါလား။